Monday, January 20, 2014

*******"နင်ဂျာ(သို့) ကသာမြေမှ လူမည်းကြီး "*******

November 6, 2013 at 9:48pm
*******"နင်ဂျာ(သို့) ကသာမြေမှ လူမည်းကြီး "*******
မန်ဘာ ကိုကသာမွန်ပေးပို့သောဇာတ်လမ်း..
.
၁၉၈၂-၈၃-၈၄ ခုနှစ် ၀န်းကျင်လောက်က ကျနော်တို့အထက်အညာ ကသာမြို့မှာ နင်ဂျာ(သို့)လူမည်းကြီး ဆိုတာ အုတ်အော်သောင်းတင်းဖြစ်ဖူးသည်။ လူမည်းကြီးဆိုတာ တကိုယ်လုံးမည်းမည်းကြီးလို့ ပြောကြသည်။ မြို့နယ်နိမိတ်အစွန်အဖျားက နေအိမ်တွေထဲကို ဖောက်ထွင်းဝင်ရောက်နိုင်သည့် အစွမ်းသတ္တိ ရှိသည်။ ယောင်္ကျားလေးများမှာ ဒုက္ခမဖြစ်၊ အထူးသဖြင့် မိန်းကလေးငယ်များထံမှ အလိုရှိသည့်အရာ ကို နှုတ်ယူသွားကြသည်တဲ့။ ပီယဆေးဖော်သည်ဆိုလားပဲ ကြားကြရသည်။ ကျနော်တို့ ဇေယျာချောင်ရပ်ကွက်အပေါ်ပိုင်းနဲ့ ပတ္တမြားရပ်ကွက်တွင် အရမ်းသောင်းကျန်းသည်။ ဒါးနဲ့ ခုတ်တာ ခေါင်မိုးကိုဖောက်ထွက်သွားသတဲ့။
ဒီသတင်းက ကသာနယ်တလွှားမှာ အရမ်းဟော့တ်သည့် သတင်းဖြစ်ရုံမက ညမိုးချုပ်လျှင် အပြင်သို့မထွက်ရဲကြတောပေ။ မာရှယ်လောတို့ ကာဖျူးတို့ထက် အရမ်းကြောက်ကြရသည်။
ဒီလိုနဲ့ လူမည်းကြီးသတင်းမှာ ပေါ်လိုက်ပျောက်လိုက်နှင့် နည်းနည်းကြာသွားသည်။ တစ်နေ့တော့ ကသာရဲစခန်းမှာ လူမည်းကြီးကို ဖမ်းမိထားပြီဆိုတဲ့သတင်း တောမီးပမာ တစ်နယ်လုံးပျံ့နှံ့သွားသည်။ လူထုကြီးမှာ ရဲစခန်းဝင်းပြင်ပမှ စခန်းဝင်းထဲအထိ ၀င်ရောက်လာကြသည်။ အချုပ်ခန်း ပေါက်ဝအထိ လူထုကတိုးဝင်လာသည်။ လူထုအင်အား (၄၀၀၀)လောက် ရှိမည်ထင်သည်။
အစပိုင်းမှာတော့ ရဲစခန်းက အကျိုးအကြောင်းရှင်းပြသည်။ ထိုအချိန်မှာပင် အချုပ်ခန်းအတွင်းမှာ လူမည်းကြီးကို လှမ်းမြင်ရပါတယ်ဆိုပြီး အရမ်းတိုးဝင်လာသည်။ ထိုလူအုပ်ကြီး၏ ထိပ်ဆုံးမှာနေရာယူ ထားတာက ကျနော်ဖြစ်ပါသည်။ ရဲများမှာ လူထုကိုဘယ်လိုမှ ထိန်းသိမ်းလို့မနိုင်တော့၊ ပစ်ခတ်လူစုခွဲ လျှင်လဲမကောင်း။ ရဲများမှာအကြံအိုက်နေသည်။ ရဲစခန်းမှ ထိုကိစ္စအားဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းကို လူထုကြီးအား ရှင်းလင်းချပြကြသည်။
" ကသာမြို့သူမြို့သားများခင်ဗျား.
. ကျနော်တို့ ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်.. အခုလူမည်းကြီး ကို မြင်တွေ့ချင်သူများကို လေးယောက်တစ်သုတ်စီ ပေးတွေ့ပေးပါ့မယ်.. ဒီအတွက် လူထုများအနေ နဲ့ မြင်တွေပြီးလို့ စိတ်ကျေနပ်ပြီးရင် လူစုခွဲပေးကြဖို့ မေတ္တာရပ်ခံပါတယ်"လို့ အော်ပြောတယ်။
ဒါနဲ့ပဲ ရဲတွေက ရှေ့ဆုံးမှာရှိနေတဲ့ ကျနော်တို့ကလေး ၄ယောက်ကို ပထမဦးဆုံး အချုပ်ခန်း ထဲ ခေါ်သွင်းလိုက်တယ်။ ၀င်သွားရတဲ့ အချုပ်ခန်းက လူတစ်ထိုင်စာလောက်အမြင့် ခြောက်ပေလောက် အကျယ် အခန်းပဲဗျ။ တခြားအခန်းတွေက အချုပ်သား ၇ယောက်လောက်ကို လှမ်းမြင်ရတယ်။ မိနစ် ၂၀လောက်ကြာသွားတယ်။ လူမည်းကြီးဘယ်လိုများပေါ်လာမှာလဲ
ပေါ့။ ကျနော်တို့ ကလေးတွေလည်း ကြာလာတော့ မတ်တပ်ရပ်လို့မှ မရတဲ့အခန်းထဲမှာ ငိုကြတာပေါ့။ အဲဒီတော့မှ တာဝန်ကျရဲက အချုပ်ခန်းသော့ လာဖွင့်ပေးတယ်။
ကဲ နောက်ထပ်လူမည်းကြီးကြည့်မယ့် ၄ယောက်ဝင်လာပါလို့ ရဲကအော်ပြောတယ်။ အဲဒီတော့ ကျနော်တို့က အချုပ်ခန်းရှေ့ မျက်နှာစာ လူအုပ်ရှေ့ ရောက်နေပြီ။ ဘယ်လိုလဲ အကြီးကြီးလား... တကယ် လူမည်းကြီးလား..လို့ အင်တာဗျူးကြတယ်။
ကျနော်တို့လည်း ငိုပြီးထွက်လာကြတော့ လူမည်းကြီးက ဘာလုပ်လိုက်လို့လဲ...ငါတို့ဝင်ရိုက်ကြမယ်. .ဆိုပြီးလူအုပ်စုက လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်။ "လူမည်းကြီးလည်းတကယ်မရှိဘူး...တကယ်လည်း မဟုတ်ဘူး..နောက် လူတွေလည်း ၀င်မကြည့်နဲ့တော့... ဘိန်းစားဖိုးမည်းတို့အုပ်စုပဲ တွေခဲ့ တယ်..။အချုပ်ခန်းထဲမှာ သေးစော်နံတယ်"လို့ လူအုပ်ကို ပြန်ပြောလိုက်တယ်။ အဲဒီအခါမှ လူတွေက ဘာမှလဲမဟုတ်ဘူး.အချုပ်ထဲရောက်နေ
မယ်..ပြန်ကြမယ်ဟေ့လို့ အော်ကြမှ အဲဒီပြသနာအေးသွား တယ်။
ပြည်သူ့ရဲများက " ကိုင်း.. အကိုတို့ အစ်မတို့.. ကျနော်တို့ တာဝန်ကျေပါတယ်နော်" ဆိုပြီး ပြုံးတုံ့တုံ့ ရယ်ကျဲကျဲ မျက်နှာပေးများဖြင့် ကျန်ရစ်ခဲ့ကြလေသတည်း။

Credit By-ကိုကြီးမွန်
ဇာတ်လမ်းပေးပို့ပေးသော ကိုကသာမွန် အက်ဒမင် များမှအထူးကျေးဇူးတင်ရှိပါသည်..

Admin-မိုးတိမ် ပုံပြင်

No comments:

Post a Comment