Monday, January 20, 2014

*******“ကန္ဒားပွဲ”******

November 6, 2013 at 10:46pm
*******“ကန္ဒားပွဲ”******
Member-ကို Rolex ရေးသားတင်ဆက်ပါသည်..။

နတ်ကန္ဒားဆိုတာ လူတိုင်းသိတဲ့ ဝေါဟာရတစ်ခုပါ။ နတ်ကန္ဒားကျင်းပတယ် ဆိုတာ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်း၊ အ၀န်း(၃၇)မင်း စတဲ့ ၁၀၁ပါး သောနတ်တွေကို လူတွေက ယုံကြည်ကိုးကွယ်ပြီး ပူဇော်ပသတဲ့ ပွဲပါ။ ပူဇော်ရတဲ့အကြောင်းကတော့ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် အစစ အရာရာ တိုးတက်အောင်မြင်ပေါက်မြောက်ဖို
့အတွက် ကိုးကွယ် ပူဇော်ခြင်း ဖြစ်ပါတယ်။ သူတို့ကလည်း သူတို့ကို ပူဇော်ပသသူတွေကို ပြန်လည် စောင့်ရှောက်တယ်လို့လည်း လူတွေက ယုံကြည်ကြပါတယ်။ ဘာကြောင့် သရဲ တစ္ဆေ စာမျက်နှာမှာ နတ်တွေ အကြောင်းလာရေးနေရသလဲဆိုရင် တကယ်တော့ အဲ့ဒီနတ်တွေ ဆိုတာက သရဲတွေမို့လို့ပါပဲ။ သာမန်လူတစ်ယောက်ဟာ သေဆုံးတာနဲ့နတ်မဖြစ်နိုင် ပါဘူး။ ဖြစ်ချင်းဖြစ် သရဲ၊ တစ္ဆေ၊ ပြိတ္တာ အကြီးစားတွေပဲ ဖြစ်ပါလိမ့်မယ်။ အစိမ်းသေတွေဆိုရင် ပိုဆိုးပါတယ်။ ဒါကြောင့် အဲဒီကောင်တွေကို နတ်တွေ လို့ကျွန်တော်ကတော့ ဘယ်တော့မှ မယူဆပါဘူး။ ထားပါတော့။ အဲ့ဒီ နတ်တွေ (၀ါ) သရဲအကြီးစားတွေကို ပူဇော်တဲ့ပွဲကို နတ်ကန္ဒားပွဲလို့ခေါ် ပါတယ်။ ကျွန်တော်ရွာမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ နတ်ကန္ဒား ပွဲအကြောင်းကို စာဖတ်သူ သူငယ်ချင်းတွေအတွက်
ဗဟုသုတအဖြစ်ပြော ပြချင်လို့ပါ။ သရဲဇာတ်လမ်းတွေချည်းပဲ ဖတ်ရလို့ ပျင်းနေတဲ့ သူငယ်ချင်းတွေနဲ့ နတ်ပွဲဆိုတာကို အနီးကပ်သေသေချာချာ မကြည့်ဖူးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ရွာမှာ နတ်ကန္ဒားပွဲကို နှစ်တိုင်းကျင်းပကြပါတယ်။ တစ်ရွာလုံး မှာတစ်ယောက်မဟုတ်တစ်ယောက်ကတော့ ကျင်းပစမြဲပါပဲ။ ခုထိလည်း ကျင်းပနေတုန်းပါပဲ။ အဲ့ဒီပွဲကို ပွင့်လင်းရာသီရောက်ရင် လုပ်ကြပါတယ်။ ရွာထဲမှ နတ်ပွဲနီးမှငွေကြေးအဆင်ပြေသူ၊ ဒါမှမဟုတ် ကြိုတင်ပြီး ပွဲခံထားသူ (တချို့က ဘာကိစ္စ၊ ညာကိစ္စတွေ အောင်မြင်ရင် ပွဲပေးပါမယ်ဆိုပြီး နတ်ကတော် ဆီမှာ ကတိခံထားတာမျိုးရှိပါတယ်) တွေက လုပ်ကြပါတယ်။ အဲ့လိုမျိုးမရှိဘူးဆိုရင်တော့ ရပ်ထဲရွာထဲမှာ ငွေကြေးအင်အားတောင့်တင်း သူတွေက စုပေါင်းပြီးတော့ လုပ်ကြတဲ့ ဓလေ့ရှိပါတယ်။ ရည်ရွက်ချက်ကတော့ ရပ်ရွာအေးချမ်းစေဖို့ မြင်ရ၊ မမြင်ရ နှစ်ရပ်သော ပုဂ္ဂိုလ်တို့ရန်မှ လွတ်ကင်းအောင် ကျင်းပကြတယ်လို့ဆိုပါတယ်။ ဘာပဲပြောပြော အဲ့ဒီရာသီရောက်ရင် နတ်ကတော်တွေလက်ထဲမှာငွေရွှင်နေ သလို ရွာထဲက အတိုအစဈေးသည်တွေလည်းငွေရွှင်ကြပါတယ်။ ရွာသူ ရွာသားတွေလည်း ပျော်ကြတာပေါ့လေ။

ကန္ဒားပွဲက လေးရက်ကျင်းပပါတယ်။ နတ်ကတော်ကတော့ အငယ်လေးဆိုတဲ့ နတ်ကတော်ပါပဲ။ နောက်တစ်ယောက်ကတော့ ဖိုးခွားလို့ခေါ်ပါတယ်။ သူတို့ နှစ်ယောက်က အခြောက်တွေမဟုတ်ပါဘူး။ အိမ်ထောင်တွေရှိပါ တယ်။ ဒါပေမယ်သူတို့ခေါ်လာတာကတော့ အခြောက်စစ်စစ်တွေပါပဲ။ အငယ်လေးက သူတို့လောကအခေါ်အဝေါ်အရ ကန္ဒားစီးဖြစ်ပါတယ်။ခေါင်း ဆောင်ပေါ့။ သူက စည်းကမ်းကြီးတယ်။ အမှားအယွင်းမခံဘူး။ အမှားလည်း နည်းတယ်လို့ ဆိုရမှာပေါ့။ ဘာတွေ မှားတတ်လည်းဆိုတာတော့ နောက်ပိုင်းသိလာမှာပါ။ ကန္ဒားပွဲကျင်းပတဲ့ ဆီကို သွားကြတာပေါ့။ ကျွန်တော်အခုချိန်ကစပြီး နတ်ပွဲလို့ပဲ သုံးပါတော့မယ်။

နတ်ပွဲစတင် ကျင်းပပြီဆို အရင်ဆုံးဝင်ပူးရတဲ့နတ်က လမိုင်းနတ်ပါ။ သူ့ကို လမိုင်းပင့်တယ်လို့ခေါ်ပါတယ်။ လူ့အခေါ်အဝေါ်အရပြောရရင်တော့ လုံခြုံရေးခေါ်ထားတာပေါ့။ သူက နတ်ပွဲရဲ့အစဆုံးကို ငြိမ်ချမ်းအောင် တာဝန် ယူတယ်လို့ဆိုပါတယ်။ သူက အဲ့ဒီပွဲတင်မဟုတ်ပါဘူး ကျွန်တော်တို့ သန်လျင်မှာ ဘယ်ပွဲကျင်းပကျင်းပ လမိုင်းကိုအရင်ပင့်ရပါတယ်။ ဘုရားပွဲမှာ အငြိမ့်တို့ဘာတို့ကြည့်ဖူးရင် သိပါလိမ့်မယ်။ ပထမဦးဆုံးကတဲ့နေ့မှာ နတ်ဝတ်နတ်စားတွေနဲ့ ကန်တော့ပွဲကြီးကိုင်ပြီး ဟိုမြောက့်ဒီမြောက့်လုပ် နေတာဟာ လမိုင်းပင့်နေတာပါ။ အဲ့ဒီ လမိုင်း မပင့်တဲ့ပွဲဆို အကြောင်းအမျိုးမျိုး၊ အနှောက်အယှက်အမျိုးမျိုး ကြုံရပြီး ပွဲပျက်တယ်ဆိုပါတယ်။ ကျွန်တော်တို့ရွာမှာ သင်္ကြန်ဆိုနှစ်စဉ်နှစ်တိုင်း စတိတ်စင်လေးထိုးပြီး ရွာထဲက လူငယ်လူကြီးအစုံ တတ်ကကြတဲ့ထုံးစံရှိ ပါတယ်။ နှစ်တိုင်းအဆင်ပြေပါတယ်။ တစ်နှစ်မှာတော့ ရွာထဲကကာလသား တစ်စုက (ကျွန်တော်တို့အကိုတွေပေါ့) ဦးစီးပြီး စတိတ်စင်လုပ်ပါတယ်။ လူငယ်တွေဆိုတော့ နတ်တွေဘာတွေအယုံအကြည်မရှိပါဘူး။ ပွဲစတယ် ဆိုကတည်းက တန်းပြီးကကြတော့တာပဲ။ လမိုင်းတွေဘာတွေလည်း မပင့်ကြဘူး။ အဲ့ဒီညမှာပဲ အရက်မှုးနေတဲ့လူတွေက စင်ပေါ်က ကောင်မလေးတွေကို တက်ဆွဲကြ၊ လူငယ်တွေက မခံနိုင်လို့ ၀င်ထိုးကြနဲ့ပွဲပျက်ပါတယ်။ ရွာလူကြီးကလည်း နောက်နှစ်တွေအထိပါ ပွဲကို ပိတ်လိုက်ရတဲ့ အခြေအနေဖြစ်သွားပါတယ်။ ဒါက ကျွန်တော်အတွေ့အကြုံ လေးပါ။ တိုက်ဆိုင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လမိုင်းမပင့်တဲ့ပွဲဆိုလို့ ကျွန်တော်အကိုတွေ ပွဲကလွဲရင် တခြားပွဲတွေကို မတွေ့ဖူးတော့ပါဘူး။ ထူးထူးခြားခြား အဲ့ပွဲတွေ အားလုံးကလည်း အဆင်ပြေပြေနဲ့ပြီးကြတာများပါတယ်။ ဒါက နတ်ပွဲတစ်ပွဲ ရဲ့ အရေးကြီးဆုံးလို့ပြောလို့ရတဲ့ လမိုင်းနတ်အကြောင်းပါပဲ။

လမိုင်းနတ်ပင့်ပြီးရင်တော့ ပွဲက ကလို့ရပါပြီ။ အဲ..နတ်ကတဲ့အကြောင်း မပြောခင် နတ်ပွဲရဲ့ ဆင်ယင်ထားပုံလေးကို ပြောပြချင်ပါတယ်။ နတ်ပွဲရဲ့ ထိပ်ဆုံးမှာ အမြင့်ဆုံးခုံတစ်ခုံရှိပါတယ်။ အဲ့ခုံပေါ်မှာ နတ်တစ်ပါးကို ကန်တော့ပွဲတစ်ပွဲ၊တခြား အရက်အမြည်းဘာညာအစုံအလင်နဲ့ နတ်တွေကို စီထားပါတယ်။ သူတို့ရဲ့ အနောက်မှာတော့ ရွာတော်ရှင်နတ်နန်းရှိပါတယ်။ ဧည့်သည်တွေက အိမ်ရှင်ကို အလေးထားတဲ့သဘောပါပဲ။ ပြီးတော့ ဘေးနားပတ်ပတ်လည်ကို ရာဇမတ်ကာထားပါတယ်။ ရာဇမတ်ဆိုတာ ၀ါးတွေကို ဇကာလိုမျိုးယက်ပြီး ကာထားတာမျိုးပါ။ အလယ်မှာ နတ်ကတော်တွေကဖို့ မြေကွက်လပ်လေး ထားပေးထားပါတယ်။ ဒီဘက်မှာ ဆိုင်းဝိုင်းရှိပါတယ်။ ဆိုင်းဝိုင်းကလည်း သူ့အဆိုတော်နဲ့သူပါပဲ။ အဲ့ဒီအဆိုတော်တွေကလည်း အသံသိပ်ကောင်းကြ ပါတယ်။ နတ်ကတော်နဲ့ အဲ့ဒီအဆိုတော် အတိုင်အဖောက်ညီရင်လည်း အဲ့ဒီ နတ်ပွဲက ကြည့်ရတာ သိပ်ကောင်းပါတယ်။ ဆိုင်းဆရာပါ ၀င်လိုက်ရင်တော့ ပြောစရာမလိုတော့ပါဘူး။ ဒါက နတ်ပွဲရဲ့ ပြင်ဆင်ထားပုံကို အကြမ်းဖျင်းပြောပြတာပါ။

လမိုင်းနတ်ပြီးရင် နတ်ကတော်တွေက မကသေးပါဘူး။ သူ့အခြေက အခုမှ တက်သစ်စအခြောက်တွေက နတ်ဝတ်နတ်စားတွေနဲ့ နတ်တွေကိုချော့ကြပါတယ်။ အဆိုတော်က နတ်သီးချင်းတွေဆိုပေးပါတယ်။ နတ်ပွဲမှာ နေ့ခင်းဘက်ကတဲ့အချိန်ဟာ သိပ်ကြည့်မကောင်းပါဘူး။ နေ့ခင်း ဘက်မှာ နာမည်သိပ်မကြီးတဲ့နတ်တွေကို ၀ါမရင့်သေးတဲ့ အခြောက်တွေက ကတာဖြစ်တဲ့အတွက် လူသိပ်နည်းပါတယ်။ ညဘက်မှာတော့ တကယ့် ဒိတ်ဒိတ်ကြဲနတ်တွေကို ကန္ဒာစီးနဲ့တခြားနတ်ကတော်တွေက ကကြတာဖြစ် တဲ့အတွက် ညဘက်ပွဲဟာ နိုင်ငံခြားဘောလုံးပွဲထက်တောင် လူစည်ပါတယ်။ နတ်ပွဲမှာတော့ နတ်ကတော်တွေဟာ တကယ့်ကို နာမည်ကြီးပါပဲ။ သူတို့ ကလို့နားသွားတာနဲ့ ဘေးနားမှာ ယပ်တောင်ခတ်ပေးမယ့်သူ၊ ရေခပ်ပေးမယ်သူ၊ ချွေးသုတ်ပေးမယ့်သူနဲ့ အစစအရာရာ ကောင်းစားနေကြပါတယ်။ သူတို့ကိုယ်မှာလည်း ရပ်ရွာက ၀ိုင်းပြီး ဆုချထားတဲ့ ပိုက်ဆံတွေကလည်း သီးနေတာပါပဲ၊။ ကန္ဒားစီးက အများဆုံးရလေ့ရှိပါတယ်။ အစအဆုံးပြောရရင် အတော်ရှည်သွားမှာဖြစ်တဲ့ အတွက် နာမည်ကြီးနတ်တွေအကြောင်းကိုပဲ ပြောပြသွားပါတော့မယ်။

မင်းကြီး၊ မင်းလေး

မင်းကြီးမင်းလေးဆိုတဲ့ နတ်ကတော့ နာမည်ကြီးပါ။ မရွှေဥကိုလိုချင်လို့ ကျားနဲ့လိုက်တဲ့ ခပ်ဆိုးဆိုးတွေပါ။ သူတို့ရဲ့ဇာတ်လမ်းကိုလည်း အတော်များ များသိကြမှာပါ။ မင်းကြီးမင်းလေး နတ်ကတဲ့အခါမှာတော့ အငယ်လေးနဲ့ တခြားတစ်ယောက်က မင်းကြီးမင်းလေးလုပ်ပါတယ်။ ဖိုးခွားနဲ့အခြားတစ် ယောက်ကတော့ ကျားလုပ်ပါတယ်။ ဒီမှာ နတ်ပူးတဲ့အကြောင်းကို အနည်းငယ်ပြောလိုပါတယ်။ နတ်ကဖို့အတွက် နတ်ဝင်အောင်လုပ်ဖို့လိုပါတယ်။ လုပ်ပုံကတော့ ပူးမဲ့သူဟာ သပြေခက်တွေ ကိုလက်မှစုကိုင်ပြီး နဖူးမှာတေ့ကာ နတ်ကိုအာရုံပြုရပါတယ်။ ပထမ လက်နှစ်ဖက်ဟာ ရှေ့တိုးနောက်ငင်ဖြစ်ပြီး တဖြည်းဖြည်းမြန်လာပါတယ်။ ခဏကြာရင်တော့ နတ်ဝင်ပါတော့တယ်။ (နတ်ဝင်တဲ့အခါ ရုပ်ရှင်တွေထဲမှာ ကတဲ့ အတိုင်းပါပဲ)။ နတ်ကတော်မဟုတ်ပဲ ရိုးရိုးလူဆိုရင်တော့ ကန္ဒာစီးက နဖူးကို ရိုက်ပြီးသွင်းပေးပါတယ်။ အဲ့ဒီအခါကျရင် ခုနလိုပဲဖြစ်ပြီး နတ်ဝင် သွားပါတယ်။ ထိုသူများကို နတ်ထွက်သွားသည့်အခါ ပြန်မေးလျင် ဘာမှ မသိကြပါ။ ရင်တွေတုန်ခနဲဖြစ်ပြီး ဘာမှမသိတော့ဘူးဟု ပြောကြပါသည်။ ဘာအကောင်လဲတော့မသိ တစ်ကောင်ကောင်တော့ ၀င်သွားခြင်းဖြစ်ပေမည်။ တချို့သူများကတော့ ပွဲကြည့်နေရင်း ပရိသတ် ထဲမှဝုန်းခနဲထ၀င်ပြီး ကတာမျိုးတွေရှိသည်။ ထမီ မနိုင်၊ ပုဝါမနိုင်နဲ့ တကယ့်ကို ကကြသည်။ မိန်းမကြီးတွေ များကြသည်။ ပြီးသောအခါ ထိုမိန်းမကြီးများသည် ရှက်ပြီးပုန်းနေကြလေသည်။ ဘာကြောင့်ဝင်ပူးသလဲဟု မသိပါ။ နတ်ကတော်အပြောအရ သူတို့၏ ဘ၀ဟောင်းမှ အဆက် (သို့) သူတို့ကို စောင့်ရှောက်သောနတ်က ၀င်ပူးခြင်း ဖြစ်သည်ဟု ပြောကြသည်။ မင်းကြီးမင်းလေးကသည့်အခါ ကျားကို လူတွေသဘောကျကြသည်။ ကျားလုပ်သည့် ဖိုးခွား၏ရုပ်မှာ တကယ်ကြောက်မက်ဖွယ်ကောင်းသည်။ ထိုကျားများသည် ငြိမ်ငြိမ်မနေပါ။ နတ်ပွဲ တစ်ပွဲလုံးကို လျှောက်ခုန်ပြေးကာ ဟိုတက်ဒီတက်လုပ်နေတတ်သည်။ မင်းကြီးနှင့်မင်းလေးက မနည်းထိန်းရသည်။ ကျားများသည် တွေ့သမျှအကုန် ကိုက်လေသည်။ လူတွေကိုလည်း မာန်ဖီပြသည်။ ကလေးတွေက အလွန်ကြောက်ကြသည်။ အံသြဖွယ်အကောင်းဆုံးအချက်မှာ အုန်းသီးနွှာခြင်းဖြစ်သည်။ အုန်းသီးအခွံမှာ သာမန်အားဖြင့်ဆိုလျင် အတော်မာကာ ဓါးနှင့်ပင် မနည်း ခုတ်ရသည်။ သို့သော်ထိုကျားများသည် တစ်ချိန်လုံး အုန်သီးစိမ်းများကို တစ်လုံးပြီးတစ်လုံး အခွံနွှာကာ ကိုက်ချေကြလေသည်။ ကျွန်တော့်မှာယုံရ အခက် မယုံရအခက်ဖြစ်နေသည်။ တကယ်ဝင်သည်လားမ၀င်သည်လား တော့ သေချာမသိရပါ။ ထိုမင်းကြီး မင်းလေးအပြီး ကျွန်တော်သည် ဖိုးခွားကို တိတ်တိတ်လေး သွားချောင်းမိသေး သည်။ ဖိုးခွားက အေးဆေးပင် ထမင်းတွေဘာတွေစားကာ ကွမ်းတောင်ဝါးလိုက်သေးသည်။ သူ့ကြည့်ရတာ ဘာမျှဖြစ်ပုံမရသည်ကို အံသြဖွယ်တွေ့ရလေသည်။

(စာအရမ်းရှည်သွားသည့်အတွက် ဒီလောက်နဲ့ခဏ ရပ်လိုက်ပါ့မယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေ လက်ခံ၊ လက်မခံအရင်ကြည့်ပြီးမှ နောက်ထပ်ဒိတ်ဒိတ်ကြဲ နတ်တွေအကြောင်းကို ကျွန်တော့် အတွေ့အကြုံလေးတွေနဲ့ တင်ဆက်ပေးသွားပါဦးမည်)

ဇာတ်လမ်းရေးသားတင်ဆက်ပေးသော ကိုRolex ကိုအထူးကျေးဇူးတင်ရှိပါသည်..။

Admin-မိုးတိမ် ပုံပြင်(ကြက်သီးများထနေပါသည်...)

No comments:

Post a Comment