******ဟင်းစားတောင်းတဲ့ လူပျိုကြီးသရဲ...******
November 6, 2013 at 9:36pm
******ဟင်းစားတောင်းတဲ့ လူပျိုကြီးသရဲ...******မန်ဘာ-ကိုမင်းမင်းနိုင် ရဲ့ဇဇာတ်လမ်းကောင်းလေးပါခင်ဗျာ....
လဆန်းရက်ရဲ့ ညတညမှာ အညာလေက တချက်တချက် ဝေ့နေတယ် ဖိုးမောင်နဲ့ လှဦး လယ်ကွင်းထဲဘက်ကို ငှက်ပြစ်ဖို့ ထွက်လာကြသည် လှဦးလက်ထဲမှာက တစ်ဖက်မှာ ၃ တောင့်ထိုး ဓာတ်မီး ၁လက် တဖက်မှာ မြွေပါးကင်းပါး ရန်ကာကွယ်ရအောင်ဆိုပြီး ၃ ပေ လောက်ရှိတဲ့ တုတ်တစ်ချောင်းနဲ့.. ဖိုးမောင်ကတော့ လေးခွနဲ့ လွယ်အိတ်ပဲပါတယ်.. ရွာရဲ့ အနောက်ဖက် တစ်ခေါ် ကျော်ကျော် လောက်ရောက်တော့ ထနောင်းပင်တန်းတွေကို ရောက်လာတယ်.. ဖိုးမောင်က ဘာမှ မဖြစ်ပေမယ့် လှဦး စိတ်ကတော့ ခပ်ထင့်ထင့်ရယ်.. ဒီထနောင်းတန်းဘက်ကို သူတို့ရွာတွေဘက်က မှောင်ရင် ရှောင်ကြတယ်လေ..ဖိုးမောင်ဆိုတဲ့
ကောင်က ဘာမှ မယုံကြည်တဲ့ကောင်.. မယုံတော့ မကြောက်ဘူးပေါ့.. ဒီလိုနဲ့ နှစ်ယောက်သား အပင်တွေအောက်ရောက်လာတယ်.. ဖိုးမောင်က လှဦးကိုလက်ဟန်ခြေဟန်နဲ့ စကားမပြောဖို့ အချက်ပြီး မီးထိုးခိုင်းတယ်.. မီးတစ်ချက်ဝေ့လိုက်ရင်ပဲ သစ်ကိုင်းတွေပေါ်မှာ အိပ်တန်းတက်တဲ့ ငှက်တွေ အစုလိုက်တွေ့တော့ ၂ ဦးသား ပျော်သွားကြတယ်..
လှဦးလည်း ကြောက်နေတာတွေ ခဏမေ့သွားပြီး ဖိုးမောင်ပြစ်လို့ ရအောင် မီးထိုးပေးလိုက်တယ်..ဒီလိုနဲ့ ပြစ်လိုက် ကျလာတဲ့ ငှက်ကို ကောက်လိုက်နဲ့ ငှက်၈ကောင် ၉ကောင်လောက်ရလောက်တဲ့ အချိန်မှာပဲ လေ အဝေ့ မှာ အပုပ်နံ့ကို ၂ ယောက်စလုံးရလိုက်တယ်.. တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဖိုးမောင်က မေးငေါ့ပြတယ်..ဘာလဲဆိုတဲ့ သဘောနဲ့ပေါ့..လှဦးကတော့ ကြက်သီးတွေ ထနေပြီ..ဖိုးမောင်ကတော့ ဘာမှ မဖြစ်တဲ့ပုံပဲ.. လှဦးက မသိုးမသန့်ကြီး ဖြစ်လာလို့ ဖိုးမောင်ကို ပြန်ရအောင်ကွာလို့ တိုးတိုးလေးပြောလိုက်တော့ ဖိုးမောင်က နောက်ထပ် ၂ ကောင် ၃ကောင်ရရင် ပြန်ကြမယ်လို့ပြန်ပြောတယ်.. လှဦးလည်း ဘာမှ ပြန်မပြောတော့ပဲ ဓာတ်မီးကို အပင်ပေါ် ထိုးပေးလိုက်တော့ သစ်ပင်ဂွဆုံမှာ ငုတ်တုတ်ကြီးထိုင်နေတဲ့ မဲမဲကြီးကို မြင်လိုက်ရတယ်..လှဦး လန့်ပြီး ပြေးဖို့ သတိမရပဲ ကြက်သေ သေသွားတယ်.. ဖိုးမောင်က လှဦးပြေးမှာစိုးလို့ လက်ကို ဖမ်းဆွဲထားပြီး မကြောက်နဲ့ ဟေ့ရောင် ငါရှိတယ်လို့ ပြောတယ်.. ပြီးတော့ လေးဂွကို ဆွဲပြီး ပြစ်ထဲ့လိုက်တော့ အော်လိုက်တဲ့ အသံကြီးဗျာ တစ်သက်နဲ့ တစ်ကိုယ် မကြားဘူးတဲ့ ကြောချမ်းစရာအသံကြီးပါ.. လှဦးလည်း သတိဝင်လာပြီးရွာဘက်ကို လှည့်ပြေးတော့တာပဲ..ဖိုးမောင်က မကြောက်တတ်ဘူးဆိုပေမယ့် လှဦးပြေးတော့ သူလည်း ရောပြီး လိုက်ပြေးရတာပေါ..ရွာပြန်ရောက်တော့ ရွာထိပ်နားက ဦးဝင်းတဲကို ဝင်ပြီး ၂ယောက်သားရေတောင်းသောက်ရတယ်.. ဦးဝင်းက ကောင်လေးတွေ ရန်ဖြစ်လာကြတာလားလို့မေးတယ်..သူတို့က အူယားဖားယား ပြေးလာကြတာကိုး မေးမှာပေါ့..လှဦးက မောနေတဲ့ကြားက သူတို့ကြုံခဲ့ရတာကို ပြောပြလိုက်တော့ ဦးဝင်းက မင်းတို့ကွာ ပြစ်စရာ ရှားလို့ အဲဘက်မှ သွားရလားလို့ငေါက်တယ်.. ပြီးတော့ မင်းတို့ ငှက်ကော ရခဲ့ရဲ့ လားလို့မေးတော့ ဟုတ်ကဲ့ ၇ကောင်၈ကောင်လောက်တော့ ပြစ်ခဲ့ရသေးတယ်လို့ ဖိုးမောင်ကဖြေလိုက်တယ်.. ဦးဝင်းက မျက်မှောင်တစ်ချက်ကုပ်ပြီး ရခဲ့ရင် ငါ့ကို ပြစမ်းပါဆိုပြီးပြောတော့ ဖိုးမောင်လည်း လွယ်အိတ်ထဲကနေ ငှက်သေတွေကို ထုတ်ပြလိုက်တယ်.. အော် ပြောဖို့မေ့နေတာ ဦးဝင်းက လူပျိုကြီး ရွာထိပ်မှာ ၁ယောက်ထဲ တဲထိုးနေတဲ့ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်ပါ..ဦးဝင်းက ကဲ မင်းတို့လည်း ညဥ့်နက်နေပြီ ပြန်ကြတော့ ငါ့ကိုလည်း ဟင်းစား ၂ကောင်လောက်တော့ပေးခဲ့ဦးလို့ပြောတာနဲ့ သူ့အတွက် ၂ကောင်ပေးခဲ့ ပြီး ရွာထဲ ပြန်ဝင်ခဲ့ ကြတယ်..ရွာထဲရောက်တော့ လှဦးတို့ အိမ်နောက်ဖေးမှာပဲ ၂ယောက်သား ငှက်ကို မီးကင် ညနေက သိမ်းထားတဲ့ ချက်အရက်တပိုင်းကို ထုတ်ပြီး ကြုံခဲ့ရတဲ့ အကြောင်းတွေပြောရင်း ငှက်ကင် မြည်းလိုက် အရက်သောက်လိုက်နဲ့ နည်း ထွေလာတော့ ဖိုးမောင်က ငါမကျေနပ်ဖူးကွာ ပြန်သွားရအောင်လို့ လှဦးကို ပြောတယ်..လှဦးက ဖိုးမောင်ရာ မသွားပါတော့နဲ့လို့တားပြီး အိပ်ကျရအောင် ညနက်နေပြီဆိုပြီး ဖိုးမောင်ကို ပြန်လွှတ်လိုက်ရတယ်..ညက ညဥ့် နက်သွားတော့ မနက်ကျတော့ မနိုးဘူးလေ.. အိပ်ကောင်းကောင်းနဲ့ အိပ်နေတာ အမေက ဟဲ့ လှဦး ထတော့ ရွာထိပ်က ဦးဝင်းကြီးဆုံးလို့ သွားလုပ်ကူလိုက်ဦးဆိုပြီး နှိုးတော့မှ နိုးလာတယ်.. လှဦး အံ့သြသွားတယ် ညကမှ အကောင်းကြီး ပါပေါ့..ဘယ်လိုဖြစ်ပြီးဆုံးတာလဲလို့မေးလိုက်တော့ အမေက ထနောင်းပင်တန်းဘက်မှာ ပိုးထိတာတဲ့ သေတာ ၂ရက်လောက်ရှိလို့ အလောင်းက ပုပ်တောင်နေပြီလို့ပြောတော့ လှဦး ဗျာဆိုပြီး ပါးစပ်ဟောင်းလောင်းနဲ့လေ..ဒါဆို ညက သူတို့တွေ့ခဲ့တာ..............
ဇာတ်လမ်းရေးသားပေးပို့သော မန်ဘာ-ကိုမင်းမင်းနိုင် ကိုအထူးကျေးဇူးတင်ရှိပါသည်......။
No comments:
Post a Comment