*****ရေသူမအကြောင်းလေး*******
ဒီဆိုဒ်က ပရိတ်သတ်ကို မျှဝေပေးချင်လို့ပါခင်ဗျာ...။
ရေသူမ( mermaid )ဆိုတဲ့ စကားလုံးက ပြင်သစ်စကားလုံးတစ်လုံးဖြစ်ပါတယ်။ mer ဆိုတဲ့ စကားလုံးက sea (ပင်လယ်) ဆိုတဲ့ အဓိပ္ပာယ်ရပြီး maid ဆိုတဲ့စကားလုံးကတော့ a girl or a young woman ( မိန်းမပျို တစ်ယောက်)လို့ အဓိပ္ပာယ်ရပါတယ်။ဒဏ္ဍာရီ အများစုထဲမှာ mermaid (ရေသူမ) ဆိုတာ အမျိုးသမီးတွေ အဖြစ်နဲ့ဖော်ပြတတ်ပြီး merman(ရေသူထီး) ဆိုတာကိုဖော်ပြလေ့မရှိ ပါဘူး။ရိုးရာ ပုံပြင်တွေထဲမှာ ရေသူမတွေကို အ၀တ်မပါဘဲ ဖော်ပြလေ့ရှိပါတယ်။ဒါပေမဲ့ ဇာတ်လမ်းတွေ ၊၀တ္ထုတွေ အထဲမှာတော့ ဆင်ဆာပိုင်းအရ ရေသူမတွေက သူတို့ရဲ့ ရှည်လျားလှတဲ့ ဆံပင်ရှည်တွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ထားတတ်တယ်လို့ ရေးသားဖော်ပြကြတယ်။
ဆိုရိုးစကားတွေ ပုံပြင်တွေ ဒဏ္ဍာရီ တွေမှာ ရေသူမ ရှိတယ်လို့ပြောကြတယ်။သူတို့ရဲ့အကြောင်းက သဘာဝလွန်ဖြစ်ရပ်တွေထဲက တစ်ခုပါပဲ။သူတို့က ပင်လယ်ရေအောက်ထဲမှာနေထိုင်ကြပြီးတော့သူတို့ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အထက်ပိုင်းက လှပချောမောတဲ့ မိန်းမပျို တစ်ယောက်ရဲ့ပုံသဏ္ဍာန်ရှိပြီးတော့ ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ ငါးတစ်ကောင်လိုမျိုး အမြီးရှိတယ်လို့ဆိုကြတယ်။သူတို့တွေက ကြိမ်ဖန်များစွာ ရေပေါ်ကိုတတ်လာပြီးတော့ ဆံပင်ရှည်တွေကို ဖြီးရင်းနဲ့ မှန်ကိုကြည့်နေတတ်ကြတယ်လို့ ရေးသားဖော်ပြလေ့ရှိတယ်။
ပထမဆုံးလို့ဆိုရမယ့် ရေသူမပုံပြင်တစ်ပုဒ်ရှိတယ်။အဲဒီအကြောင်းက ဘီစီ ၁၀၀၀ လောက်ကအာဆီးရီးယား(Assyria) ဒေသမှာစတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုတယ်။ဂရိနတ်ဘုရားမ တစ်ဦးဖြစ်တဲ့ Atargatis က သာမန်သိုးကျောင်းသားတစ်ယောက်ကို ချစ်ကြိုက်မိသွားတယ်။ဒါပေမဲ့ မရည်ရွယ်ဘဲ နဲ့ သူ့ချစ်သူကို သတ်မိသွားတယ်။သူက ထိတ်လန့်ရှက်ရွံ့သွားပြီးသူ့ကိုယ်သူငါးတစ်ကောင်ဖြစ်သွားအောင် ရေကန်ထဲခုန်ချလိုက်တယ်။ ဒါပေမဲ့ ရေထုက သူရဲ့ ပြိုင်ဘက်ကင်းတဲ့ အလှတွေ အားလုံးကိုဖုံးကွယ်သွားဖို့ မတတ်နိုင်ခဲ့ဘူး။အဲဒါကြောင့် သူက ခါးအထက်ပိုင်းက လူပုံစံရှိပြီးခါးအောက်ပိုင်းသဏ္ဍာန်ကတော့ငါးပုံစံ ဖြစ်သွားခဲ့တယ်လို့ဆိုတယ်။ Atargatis ရဲ့ဖြစ်ရပ်မှာခန္ဓာကိုယ်အထက်ပိုင်းကလူပုံစံနဲ့ငါးတစ်ကောင်လို အောက်ပိုင်းက ရေသူမ ဖြစ်ရပ်ကို အစောဆုံးဖော်ပြနေပါတယ်။
သူတို့တွေက တေးဂီတတွေနဲ့သီချင်းဆိုရတာနှစ်သက်ကြတယ်။နှစ်တွေအများကြီးကြာအောင် ရှင်သန်နေထိုင်ရပြီးသေဆုံးသွားကြရတယ်။ဒါပေမဲ့ သူတို့မှာ ၀ိညာဉ် မရှိကြဘူး။
သူတို့ အကြောင်းကိုပြောကြတဲ့ ပုံပြင်တွေ အများကြီးထဲမှာ သူတို့တွေက လူသားတစ်ဦးဦးနဲ့ ချစ်ကြိုက်သွားပြီး အဲဒီလူကို သူတို့ရဲ့ သဘာဝလွန်စွမ်းအားတွေ ပေးလေ့ရှိတယ်တဲ့။ဒါမှမဟုတ်ရင်လည်း သူတို့ ချစ်ကြိုက်သွားမိတဲ့ လူတစ်ယောက်ယောက်ကို သူတို့နဲ့ အတူတူ ရေအောက်ထဲမှာ လိုက်နေဖို့ သွေးဆောင်ဖြားယောင်းကြတယ်လို့ ရေးသားပြောဆိုကြပါတယ်။ရေသူမတွေ အကြောင်းပြောကြတဲ့ ပုံပြင်တွေနဲ့ ဂရိ နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ ရေအောက်နတ်ဘုရား ဆိုင်ရန်(စ်)(Sirena)အကြောင်း ဒဏ္ဍာရီတွေက တူညီမှုတွေ ရှိနေပါတယ်။
ရေသူမတွေကလူတွေကို အန္တရာယ်ရှိစေတတ်ကြတယ်လို့လည်းရေးသားဖော်ပြတတ်ကြတယ်။ သူတို့ရဲ့ လက်ဆောင်တွေက ကံဆိုးမှုတွေကို ယူဆောင်လာတတ်ပြီးတော့ သင်္ဘောတွေကို ရေလွှမ်းမိုး မှုတွေနဲ့ တခြားဘေးအန္တရယ်တွေကို ရင်ဆိုင်ရစေတယ်။ရေသူမတွေကို မြင်လိုက်ရတဲ့ ပင်လယ်ခရီးက သင်္ဘောပျက်မှုကို ဖြစ်စေတယ်လို့ ယုံကြည်ကြတယ်။တစ်ခါတစ်ရံမှာ သင်္ဘောပေါ်က လူသားတွေကို အပြင်ထွက်လာအောင်လှည့်ဖြားခေါ်တတ်ကြပြီးတော့ရေနှစ်သတ်ကြတယ်လို့ဆိုကြတယ်။
ရေသူမ ဇာတ်လမ်းတွေထဲကဆိုရင် Hans Christian Andersenရဲ့ The Little Mermaid (1836)က အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။သူ့ဇာတ်လမ်းက ဘာသာပေါင်းများစွာ ပြန်ဆို ရေးသား ထုတ်ဝေခြင်းခံခဲ့ရပါတယ်။သူ့နောက်ပိုင်းထွက်ရှိလာတဲ့ ရေသူမဇာတ်လမ်း တော်တော်များများ က သူရဲ့လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ သူ့ရဲ့ ၀တ္တုကို နောက်ပိုင်းမှာ Walt Disney က ကာတွန်းရုပ်ရှင်ရိုက်ကူးခဲ့တယ်။ လူကြိုက်များတဲ့ကားတစ်ကား ဖြစ်ခဲ့ပါတယ်။
သူတို့ကို ခေတ်အဆက်ဆက် စာပေတွေ ရုပ်ရှင်တွေ ဂီတတွေမှာ တွေ့နေရဆဲပါပဲ။ နောက်လည်းတွေ့နေရဦးမှာပဲ။သူတို့ရဲ့ အကြောင်းအရာက ဘယ်တော့မှမပြီးဆုံးတော့မယ့် အရာတစ်ခုပါပဲ။
Credit By-ကြိုးကြာနီ
ယခုဆောင်းပါးအတွက် ကြိုးကြာနီ(Blogger)ကိုအထူးကျေးဇူးတင်ရှိပါသည်.။
Admin -မိုးတိမ် ပုံပြင်
No comments:
Post a Comment