Monday, January 20, 2014

******" ကျနော့်ကို ဆုံးမလိုက်တဲ့ နဂါးမယ်တော်ကြီး " (ကိုယ်တွေ့ဖြစ်ရပ်)

******

Member ကို-Katha Mon ရေးသားတင်ဆက်သောဇာတ်လမ်းလေးပါ..။

ကျနော်တို့ စစ်ကိုင်းတိုင်း၊ ကသာမြို့အနောက်ဖက် ရာဇဂြိုလ်တောင်ပေါ် ကို နှစ်စဉ်ဒီဇင်ဘာအားကစားလတိုင်း တောင်ပေါ်တက်ကြတယ်။ ပေ(၃၀၀၀)လောက်မြင့်ပါတယ်။ ကချင်ပြည်နယ်ထဲက ကန့်ကော်တောင်တန်း ရဲ့အဆက်ဖြစ်တယ်။ ဖက်ဆွတ်တောင်တန်းလို့ခေါ်ပါတယ်။

ကျောင်းသားတိုင်း ရိက္ခာအပြည့် ထည့် မနက်စောစော ၄ နာရီလောက် မှာ ပတ္တမြားရပ်ကွက်- နတ်ရေ တွင်းရွာလမ်းအတိုင်း ချီတက်ကြတယ်။ မနက်လင်းတော့ တောင်ခြေကနေစတက်ပြီ။

တောင်ခါးပန်းနေရာလောက်ရောက်တော့ ကျနော်အမှတ်တမဲ့ အပေါ့ စွန့်လိုက်တယ်။ ဘေးကချောက်ကမ်းပါးမှာတော့ဝါးရုံပင်ကြီးတွေ လေယူရာယိမ်းနွဲ့လို့နေတယ်။ဆက်ပြီးတက်လာလိုက်တာ တောင်ထိပ်စေတီ နားနီးလာတယ်။ စေတီနားရောက်ခါနီးလေ ဆင်ခြေလျှော လမ်း ပြေပြစ်လေပဲ။ တောင်ပေါ်ကိုရောက်တော့ တရားကျင့်ကြံအား ထုတ်နေတဲ့ ဆရာတော်ကြီးတစ်ပါး (ဘွဲ့မမှတ်မိ)၊ တောင်ပေါ်ကနေ ရှစ်မိုင်လောက်ဝေးတဲ့ ကသာမြို့အထိ ဆွမ်းအလှူခံ ထွက်လေ့ရှိ တဲ့ ယောဂီဝတ်စုံနဲ့ကပ္ပိယကြီးတို့ကို
တွေ့ရပါတယ်။ စေတီတော် တစ်ဆူ၊ဆရာတော်ကျောင်းဆောင်၊ တရားကျင့်ရာ အုတ်လှိုဏ်ဂူတွေရှိပါ တယ်။ စေတီဘေးမှာ တောင်ပိုင် ဘိုးဘိုးကြီးနန်းဆောင်၊ နဂါးမယ်တော် ကြီးနန်းဆောင်တွေရှိပါတယ်။
တောင်ပေါ်ကနေ ကသာနယ်တစ်ကြော ဧရာဝတီမြစ်ရိုးတလျှောက် တမျှော်တခေါ်လှမ်းကြည့်ရတာ စိတ်ထဲမှာ အရမ်းကြည်နူးစရာကောင်း လှပါတယ်။ မြောက်ပြန်လေ တဖြူးဖြူးတိုက်ခတ်လာတဲ့အချိန်မှာ အပေါ်စီး ကကြည့်ရတာ လမ်းတွေကလည်း မြွေနဂါးကြီးတွေ တွန့်လိမ်ခွေရစ်နေ သလိုမျိုး။တိမ်စိုင်ဖြူတွေက ဖက်ဆွတ်တစ်ကြောကနေ တောင်ဘက် စစ်ကိုင်း မင်းဝံတောင်ကြောဖက်ကို အုပ်စုလိုက်စုန်ဆင်းနေကြတယ်။ ဧရာဝတီမြစ်ထဲမှာစုန်ဆန်သွားလာနေ
တဲ့ ရေယာဉ်တွေ၊ ရွှေဘိုနယ် ကျောက်မြောင်း နွယ်ငြိမ်းဘက်ကဆန်တက်လာတဲ့ အိုးပုတ်ချိုးရုပ် ပလုပ် တုတ်တွေနဲ့ စဉ့်အိုးရွက်လှေ ကလေးတွေ၊သဖန်းကိုင်းအောက်နား မှာ ဖြူဖြူဖွေးဖွေး နဲ့ တက်လာတာ ပပ၀င်းလား.. ပဒုမ္မာလား..ပြဒါး ရှင်လား.. မန္တလေးက တက်လာတဲ့ သင်္ဘောတွေလေ။
အထက်ကိုကြည့်ပါဦး...ဦးစောကျွန်းလောက်မှာ ပေါင်းတည်သင်္ဘောကြီးလား... ဖွေးဖွေးဖြူဖြူနဲ့..စုန်ဆင်းလာေ
နတာလေ။ ဟောဟိုနားလောက်မှာ ငါတို့ ရပ်ကွက်ပေါ့...စတဲ့..စတဲ့ သဘာဝအလှအပတရားတွေကို ခံစားရင်းနဲ့ ပါလာတဲ့ ထမင်းဟင်းတွေ ၀ိုင်းဖွဲ့စားသောက်ပြီး စေတီ ကိုကျောမှီရင်း အနားယူနေခဲ့ပါတယ်။
နေ့ခင်းလောက်ကျတော့ ကျနော်တို့ ဆရာတော်ကို ဦးချကန်တော့ ပြီး တောင်အောက်ကိုဆင်းကြပါတယ်။ စဆင်းပြီဆိုတာနဲ့ ပြသနာက အဲဒီမှာ စတော့တာပါပဲ။ စဆင်းကာစ ကိုက်250လောက်အထိ ဆင်ခြေလျှောပြေပြစ်ပါတယ်။ ဒါပေမဲ့ ပြေပြစ်တဲ့လမ်းကလေးမှာ ကျနော် ထိန်းသိမ်းလို့မရအောင် တရကြမ်းပြေးဆင်းနေရပါတယ်။ ဆင်ခြေလျှော လမ်းအတိုင်းပြေးဆင်းနေပြီး သစ်ပင်တွေကို လှမ်းဖက်တွယ်ကြည့်တယ်။ ရပ်လို့မရပါ။ မတ်စောက် တဲ့နေရာလောက်အရောက် ဘေးကချောက် ထဲကျသွားပါတော့တယ်။ ကံအားလျော်စွာပဲ ကျတဲ့နေရာမှာ ယိမ်းနွဲ့နေတဲ့ ၀ါးရုံပင်ကြီးတွေက ခံထားပေးသလိုဖြစ်နေတော့ သေကံမရောက်ခဲ့တာ။ ကျနော့်ကို ဒီလောက် ကမြင်းရသလား ဆိုပြီး နောက်ကလိုက်လာတဲ့ အစ်ကိုပြောတယ်။ တောင်ပေါ်လမ်းမှာ ညီအစ်ကို ရန်ဖြစ်ကြတယ်။ ကျနော်က တကယ်ကိုရပ်လို့မရတာ။ ကမြင်းကြောထတယ်ပဲ ထင်ကြတယ်။ ဒီလိုနဲ့ အိမ်ပြန်ရောက်ပြီးအနားယူကြပါတယ်

ညဦးပိုင်းလဲရောက်ရော မိသားစုတွေ အိမ်ရှေ့ခန်းမှာ စုံစုံလင်လင် စကားပြောနေတဲ့အချိန်မှာ ဇာတ်လမ်းကစပါပြီ။ ကျနော်တို့ နဲ့အတူထိုင်နေတဲ့ အစ်မကြီးဟာ ကျနော့်ကိုလက်ညှိုးထိုးပြီး"ဟို
ကောင် မနက်က နဂါးကွေ့မှာ သေးပန်းသွားတယ်တော့..၊ ငါက ကလေးတွေမို့ ဒီလောက်ပဲဆုံးမလိုက်တာ" ဆိုပြီး ကျနော့်မိဘတွေကို ပြောလိုက်တယ်။ ဘယ်ကပုဂ္ဂိုလ်ပါလည်း လို့မေးလိုက်တော့ "အေး .. တောင်ပေါ်က နဂါး မယ်တော်ပဲဟေ့.."တဲ့။
ကျနော်လည်း မနက်ကအဖြစ်အပျက်ကို ပြန်စဉ်းစား ကြည့်တော့ တောင်ပေါ်မှာ မှားယွင်းခဲ့တာ အဟုတ်ပဲ၊ ဖြစ်တဲ့အကြောင်း ကို မိဘတွေကို အသိမပေး ထားဘူး။ ကျနော်လဲပြန်တောင်းပန်လိုက် တယ်။ "အေး. နောက်တစ်ခါ တောင်ပေါ်တက်လာရင် ဒါမျိုးမလုပ်နဲ့ .. နောက် လူတွေကိုလည်း သတိပေးထားလိုက်.ငါတောင်ပေါ်ပြန်တက် မယ်" ဆိုပြီး ၀င်ပူးနေရာကနေ ထွက်သွားတယ်။ ကျနော်လည်း နောက်ပိုင်းတွေ တောင်ပေါ်ကိုပြန်မရောက်ဖြစ်တော့တာ ဒီနေ့အထိပါဘဲခင်ဗျား....။ (ကျနော့်အတွေ့အကြုံတွေကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်.. နတ်နဲ့နဂါး မလှည့်စားနဲ့ဆိုတဲ့ စကားတွေလည်း ရှိထားတော့ မယုံရင် စမ်းသပ်ဖို့တော့ အရမ်းမတိုက်တွန်းလိုပါ။)

ဒီဇာတ်လမ်းအတွက် Member ကို-Katha Mon အထူးကျေးဇူးတင်ရှိပါကြောင်းခင်ဗျာ..

Admin:မိုးတိမ် ပုံပြင်

No comments:

Post a Comment