Monday, January 20, 2014

*****တိုင်ပြောမယ်...........!!!!******

November 6, 2013 at 9:31pm
*****တိုင်ပြောမယ်...........!!!!******

မန်ဘာ-Junior Ba Gyi Aung တင်ဆက်သောဇာတ်လမ်းလေးပါ...

ကျနော်လည်း သရဲဆိုတာကို ယုံတယ်။ ယုံလည်းယုံရမှာပေါ့ . . . ငယ်ငယ်တုန်းက သရဲပေါတဲ့ အိမ်မှာနေခဲ့ဖူးတယ်လေ . . . အဲ့တုန်းက ကျနော့အသက်က ငါးနှစ်အောက်ပဲဗျ။ ဒါပေမယ့် အားလုံးကို သေသေချာချာ ကွက်ကွက် ကွင်းကွင်း မှတ်မိနေတယ်။

ကျနော့အဖေနဲ့အမေက လက်ထပ်ပြီးတော့ မြို့လေးတစ်မြို့ရဲ့ လမ်းမကြီးဘေးက အိမ်တစ်အိမ်မှာ ငှားနေကြတယ်ဗျ။ အဲဒီအိမ်က ရှေးအိမ်ကြီးတစ်အိမ်လိုပဲ ရေနံကြီးတွေသုတ်ထားလို့ မှောင်မဲနေတယ်။ အထူးသဖြင့် လမိုက်ညတွေလိုမျိုးဆိုရင် သရဲကားထဲက အိမ်နဲ့တောင်တူသေးတယ်။ စငှားငှားချင်းတုန်းကတော့ ကျနော့မိဘတွေလည်း သရဲခြောက်တတ်မှန်းမသိဘူးလေ။ အဲ့ဒါကြောင့်လည်း လမ်းမဘေး ဈေးပေါပေါနဲ့ဆိုပြီး ငှားလိုက်မိတာ။ ငှားပြီးမှ သိရတာက အဲဒီအိမ်မှာ အိမ်ရှင်ရဲ့ သားနှစ်ယောက်က ဆက်တိုက်သေထားပြီးတော့ . . . မကျွတ်မလွတ်ဖြစ်နေကြတယ်တဲ့လေ။ စစ ချင်းတုန်းကတော့ အဖေကလည်း အိမ်မှာကပ်နေလို့ထင်တယ် . . . သိပ်မခြောက်သေးဘူး။ အသံလေးတွေ ဘာလေးတွေတော့ ကြားရတယ်ဗျ။ အပေါ်က ထပ်ခိုးက ခိုးညည်းသံလားတော့မသိဘူးပေါ့ဗျာ။ နောက်တော့ . . . အဖေက မိုးတွင်းနားထားရာကနေ အလုပ်တွေက ပေါ်လာတယ်ဗျ။ အဖေက အဲ့တုန်းက ကုန်သည်လေ . . . ခရီးထွက်ရတယ်။

ဇာတ်လမ်းက အဖေခရီးထွက်ရာကနေ စတော့တာပဲဗျို့ . . .
အဖေခရီးထွက်တော့ အိမ်မှာ အမေရယ် ကျနော်ရယ် နှစ်ယောက်ထဲ ကျန်ခဲ့တယ်လေ . . . အမေကတော့ စက်ချုပ်တာပေါ့။ အမေက စက်ချုပ်နေတော့ ကျနော့ကို မကြည့်အားဘူးလေ။ အမေက စက်ချုပ်နေပြီဆိုရင် ကျနော့ကို ကစားစရာတစ်ခုခုပေးပြီး ပစ်ထားတတ်တယ်။

တစ်နေ့တော့ ထုံးစံအတိုင်း အမေကစက်ချုပ် ၊ ကျနော်ကတော့ စစ်ကိုင်းက ၀ယ်လာတဲ့ ငရုပ်ကျည်ပွေ့အသေးစားလေး(ဆော့စရာလေး) နဲ့ ခြံထဲက အရွက်တွေခူးပြီးတော့ ထည့်ထောင်းပြီးဆော့နေတာ . . . အောက်ကိုငုံ့ပြီးဆော့နေရတာဆိုတော့ ဂုတ်တွေကညောင်းလာတယ်လေ . . . အဲ့ဒါကြောင့် အပေါ်လေးကို မော့လိုက်တာပေါ့ . . . အဲ့လိုမော့ကြည့်လိုက်တဲ့ အချိန်မှာ ဘာကိုသွားတွေ့လဲဆိုတော့ . . .

ဧည့်သည်တွေလာရင် အိပ်ခိုင်းဖို့ ကုတင်နဲ့ ကျနော်တို့ အိပ်ခန်းနံရံကြားထဲမှာ တစ်ကိုယ်လုံးမည်းတူးနေတဲ့ . . . (ကျနော်မှတ်မိသလောက်တော့ သူ့ခန္ဓာကိုယ်မှာ အမွှေးတွေရောပါပုံရတယ်။) သရဲ တစ်ကောင်က စောစောက ကျနော်ပြောတဲ့ ကုတင်တိုင်နဲ့ အိပ်ခန်းနံရံကို ကိုင်ပြီးတော့ ကျနော့ဘက်ကိုလှည့်ပြီး စိုက်ကြည့်နေတယ်။ (ကြည့်နေတယ်လို့သာ ပြောရတာပါ အဲ့တုန်းက မှတ်မိသလောက်ကတော့ ကျနော် အဲဒီ သရဲ ရဲ့ မျက်နှာကို မမြင်ခဲ့ရဘူး အရမ်းမည်းနေတယ်။ ကျောခိုင်းထားမှန်း တည့်တည့်လှည့်နေမှန်းတောင် မသိရဘူး။)

သရဲလည်း အရင်ကမမြင်ဖူးပေမယ့် အမေက သရဲဆိုတာ အကောင်မည်းမည်းကြီး အမှောင်ထဲမှာနေတတ်တယ်လို့ ပြောဖူးထားတယ်လေ အဲဒါကြောင့် ကျနော်က မြင်မြင်ချင်းပဲ သရဲ ဆိုတာသိလိုက်တယ်။ ပြီးတော့ ကြောက်လို့ ငယ်သံပါအောင်အော်ပြီးတော့ “အမေရေ . . . ဒီမှာ သရဲကြီးးး” ဆိုပြီး အမေ စက်ချုပ်နေတဲ့နေရာကို ပြေးလိုက်သွားတယ်။

အမေကလည်း အဲ့အချိန်တုန်းကတော့ ကြောက်နေခဲ့ပေမယ့် (နောက်မှပြောပြလို့သိရတာပါ) စက်ချုပ်ရာကနေ ကပ်ကြေး ကိုင်ပြီးတော့ လိုက်လာတယ် . . . ကျနော့ကိုလည်း “ဘယ်မှာလဲ သရဲ ကပ်ကြေးနဲ့ ထိုးပစ်မယ်” လို့ ပြောပြီးမေးတယ်။ အဲ့ဒါနဲ့ ကျနော်က သရဲ မြင်ခဲ့တဲ့နေရာကို ခေါ်သွားပြီးတော့ လက်ညှိုးထိုးပြတော့ အဲဒီ သရဲ အစုတ်ပလုတ်က မရှိတော့ဘူးဗျာ။ သေချာတယ် အမေ့ရဲ့ ကပ်ကြေးကို ကြောက်သွားတာဖြစ်မယ်လို့ ကလေးအတွေးနဲ့ အဲ့တုန်းကတွေးခဲ့မိလိုက်တယ်။

ဇာတ်လမ်းက အဲ့နေရာတင်ပြီးမသွားဘူးဗျ။

ကျနော်ကလည်း ငယ်ငယ်ထဲကစ တကယ့်သတ္တိခဲဆိုတော့ တစ်ယောက်ထဲမဆော့ရဲတော့ပဲ အမေစက်ချုပ်တဲ့ အိမ်ရှေ့ ဘက်ကို လိုက်သွားပြီးတော့ အမေ့ကို ကျောပေးပြီး အိမ်ရှေ့လှေကားဘက်ကို မျက်နှာမူပြီးတော့ စောစောကအတိုင်းပဲ ဆက်ဆော့နေလိုက်တယ်။ ဆော့နေတုန်း စောနကလိုများ သရဲက ထပ်ပြီးပေါ်လားမလားဆိုတာကို တွေးလိုက်မိလို့ ရုတ်တရက် မော့ကြည့်လိုက်တယ်။ အဲ့ဒီမှာပဲ . . . .

မျက်နှာချင်းဆိုင်က လှေကားမှာ သရဲက လှေကားထစ်ပေါ်ရစ်နေဟန်တူတယ် ရင်ခေါင်းလောက်ပေါ်တယ် ကျနော့ကိုပဲ စိုက်ကြည့်နေပြန်တယ်ဗျ။ ဒီတစ်ခါတော့ ကျနော်လည်း နည်းနည်းလည်လာတယ်။ သရဲကို မျက်ခြေမပြတ်စိုက်ကြည့်နေရင်းနဲ့ အမေ့ကို အော်ပြီးတော့ “အမေ့ရေ . . . သရဲကြီးက လှေကားမှာ ပြန်ပေါ်လာပြန်ပြီ” လို့အော်လည်းပြောလိုက်ရော . . .

စောစောက သရဲဟာ လူစကားနားလည်ပုံရတယ်။(သြော် . . . သူလည်း လူက သရဲဖြစ်တာပဲလေ) ချက်ခြင်းပဲ ကြည့်နေရင်းနဲ့ ပျောက်သွားတယ်ဗျ။ အဲ့နေ့ညကဆို သားအမိနှစ်ယောက် ကြောက်လွန်းလို့ တော်တော်နဲ့ ကိုအိပ်မပျော်ဘူး။ သရဲကတော့ ကြည့်ပြီး ရီချင်ရီနေမှာပေါ့လေ . . .

(ဒါလေးက ကျနော့ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျနော်တို့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ ချင်းတွင်း(ပန်းချီ)ဆို လူတိုင်းသိလောက်ပါတယ်။ အဲ့ဆိုင်ရဲ့အပေါ်ထပ်က အိမ်မှာ ဖြစ်ပျက်ခဲ့တာလေးပါ။ အခုတော့ သရဲရှိမရှိလည်း မသိတော့ပါဘူး။ အိမ်ကြီးကတော့ အရင်အတိုင်းပဲ ရေနံကြီးတွေနဲ့ မည်းမှောင်နေတုန်းရှိနေလေရဲ့ . . . နောက်ထပ်လည်း အဲ့ဒီအိမ်ကြီးမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးကျန်သေးတယ်ဗျ။ အခုတော့ စာလည်း တော်တော်ရှည်သွားလို့ ဒီလောက်နဲ့ပဲ နိဂုံးသတ်လိုက်တော့မယ်)

ဇာတ်လမ်းရေးသားတင်ဆက်ပေးသော -ကို Junior Ba Gyi Aung San Suu Kyi
အထူးပဲကျေးဇူးတင်ရှိပါသည်..။
Admin -မိုးတိမ်ပုံပြင်

No comments:

Post a Comment